Retinoblastoma
12-May-2017
အကျဉ်းရှင်းလင်းချက်
Retinoblastoma သည်မျက်စိကင်ဆာတစ်မျိုးဖြစ်၍ အလင်းလက်ခံနေရာတွင် စတင်ဖြစ်ပေါ်သည်။ ကင်ဆာသည် ကလေးများတွင် အဓိကဖြစ်၍ လူကြီးတွင် အဖြစ်နည်းလေ့ရှိသည်။ မျက်စိ၏ အလင်းလက်ခံနေရာ(retina)သည် အာရုံကြောများနှင့်ဖွဲ့စည်းထားပြီး မျက်စိမှဝင်ရောက်လာသော အလင်းရောင်ကို လက်ခံပေးသည်။ ထိုအလင်းရောင်မှ ရရှိသည့် အချက်အလက်ကို အာရုံကြောတစ်လျှောက်သယ်ဆောင်လာပြီး ဦးနှောက်မှ ဖတ်လိုက်သောအခါ ပုံရိပ်အဖြစ်မြင်ရခြင်းဖြစ်သည်။ retinoblastoma သည်ရှားပါးကင်ဆာ ဖြစ်သော်လည်း ကလေးတွင်ဖြစ်ပွားသည့် မျက်စိကင်ဆာများအနက် အဖြစ်များသည့် အမျိုးအစားတွင် ပါဝင်သည်။ ကင်ဆာသည် မျက်လုံးတစ်ဖက် (သို့) တစ်ပြိုင်နက် နှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။
လက္ခဏာများ
Retinoblastoma တွင်တွေ့ရှိရသည့် လက္ခဏာများမှာ
• မျက်လုံးကို အလင်းရောင်ဖြင့် ကြည့်သောအခါ မျက်ဝန်းအလယ်တွင် အဖြူကွက်မြင်ရခြင်း
• မျက်လုံးနီနေခြင်း
• မျက်လုံးရောင်နေခြင်း စသည်တို့ဖြစ်နိုင်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
Retinoblastoma သည်အလင်းလက်ခံနေရာရှိ အာရုံကြောများ မျိုးရိုးဗီဇပြောင်းလဲရာမှ ဖြစ်လာခြင်းဖြစ်သည်။ ဆဲလ်များသည် မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် အဆမတန် ကြီးပွား၍ တိုးပွားလာကြရမှ အလုံးအကြိတ် ဖြစ်လာခြင်း ဖြစ်ပါသည်။ Retinoblastoma သည် ဆန့်ကျင်ဘက်မျက်လုံးအပြင် အခြားအင်္ဂါများ( ဦးနှောက်၊ ကျောရိုးမ)စသည်တို့ကိုလည်း ပြန့်နှံ့နိုင်သည်။ အဘယ်ကြောင့် ကလေးတွင် ထိုကဲ့သို့ မျိုးရိုးဗီဇပြောင်းလဲသည်ကို မတွေ့ရှိသေးသော်လည်း မိဘမှဆက်ခံသော မျိုးရိုးဗီဇကြောင့်ဖြစ်သည်ဟု ယူဆထားသည်။
မိဘမှဆက်ခံသော မျိုးရိုးဗီဇကြောင့်ဖြစ်သော Retinoblastoma
မျိုးရိုးဗီဇပြောင်းလဲမှုရှိသူတွင် Retinoblastoma ဖြစ်နိုင်ချေများ၍ အချို့သောကင်ဆာများသည် မိဘမှကလေးသို့ မျိုးရိုးလိုက်နိုင်သည်။ မျိုးရိုးဗီဇကြောင့်ဖြစ်သော Retinoblastoma သည် မိဘမှကလေးသို့ မျိုးရိုးလိုက်ရာတွင် autosomal dominant နည်းလမ်းဖြင့် မျိုးရိုးလိုက်လေ့ရှိသည်။ Autosomal dominant နည်းလမ်းဆိုသည်မှာ မိခင်(သို့) ဖခင်တစ်ယောက်ယောက်မှ (နှစ်ယောက်လုံးမလို) Retinoblastoma ဖြစ်စေနိုင်သည့် မျိုးရိုးဗီဇကို ကလေးအား လက်ဆင့်ကမ်းပေးခြင်းဖြင့် ကလေးတွင် ရောဂါဖြစ်နိုင်ချေကို ပိုမိုမြင့်မားစေသည်။ မိဘတစ်ယောက်တွင် မျိုးရိုးဗီဇပြောင်းလဲနိုင်သည့် ဗီဇရှိပါက ကလေးကိုလက်ဆင့်ကမ်းနိုင်ချေ ၅၀% ရှိသည်။ ကလေးတွင် ထိုမျိုးရိုးဗီဇရှိနေပါက အသက်ငယ်ရွယ်ချိန်တွင် ပိုမိုဖြစ်ပွားတတ်၍ မျက်လုံးနှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
Retinoblastoma ဖြစ်၍ ကုသမှုခံယူပြီးသော ကလေး၏ မျက်လုံးပတ်ဝန်းကျင် နှင့် အခြားနေရာများတွင်ပါ ကင်ဆာပြန်ဖြစ်နို်င်ချေရှိ၍ ကလေး၏မျက်လုံးနှင့် အခြားကင်ဆာရှိမရှိသိရှိနိုင်ရန် ဆရာဝန်က ပြန်ပြရမည့်အချိန်ကို အချိန်ဇယားပြုလုပ်ပေးလေ့ရှိသည်။ အများအားဖြင့် ကုသပြီး တစ်နှစ်အတွင်းတွင် အနည်းဆုံးသုံးကြိမ် ပြန်ပြရလေ့ရှိသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
သင်၏ကလေးမျက်လုံးတွင် ပြောင်းလဲမှုရှိသည်ဟု ယူဆသောအခါ ကလေးဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါသည်။ Retinoblastomaသည် ရှားပါးသောရောဂါ ဖြစ်သောကြောင့် သင်၏ဆရာဝန်သည် အခြားဖြစ်နိုင်သည့်ရောဂါများကို ရှေးဦးစွာရှာဖွေလိမ့်မည်။ မျိုးရိုးတွင် ဖြစ်ပွားဖူးသည့် ုအခြေအနေရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး စမ်းသပ်စစ်ဆေးရမည့် အချိန်များတွင် အချိန်မှန်မှန် စမ်းသပ်စစ်ဆေးမှု ခံယူသင့်သည်။
စစ်ဆေးမှုများ
Retinoblastoma အတွက် ပြုလုပ်နိုင်သည့် စမ်းသပ်စစ်ဆေးမှုများမှာ
• မျက်လုံး စမ်းသပ်စစ်ဆေးခြင်း
• ပုံရိပ်ဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ဥပမာ CT ဓာတ်မှန်၊ အာထရာဆောင်းဓာတ်မှန် ၊ MRI ဓာတ်မှန် စသည်တို့ ရိုက်၍ မျက်လုံးပတ်ဝန်းကျင် နှင့်အခြားအင်္ဂါများကို ပြန့်နှံ့မှုရှိမရှိ်ကို စမ်းသပ်စစ်ဆေးခြင်း တို့ပြုလုပ်နိုင်သည်။
ကုသခြင်း
Retinoblastoma၏ အရွယ်အစား၊ တည်နေရာ၊ ကင်ဆာပျံ့နှံ့မှုရှိမရှိ နှင့် ကလေး၏ကျန်းမာရေး ပေါ်မူတည်၍ ကုသမှု ကွာခြားသည််။ ထိုသို့ကုသရာတွင် ဆရာဝန်သည် ကလေး၏ မျက်စိမကွယ်နိုင်အောင် တားဆီးနိုင်သည့် နည်းလမ်းများကို ဦးစားပေးအသုံးပြုလိမ့်မည်။
• ကင်ဆာဆေးသွင်း ကုသခြင်း- Retinoblastoma ရှိသည့်ကလေးတွင် ကင်ဆာဆေးပေး၍ ကင်ဆာအရွယ်အစားသေးအောင် ပြုလုပ်ပြီးမှ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ အအေးပေးကုသခြင်း၊ အပူနှင့်ကုသခြင်း (သို့) လေဆာဖြင့်ကုသခြင်းဖြင့် ပျောက်ကင်းအောင် ကုသသည်။ မျက်လုံးမှ အခြားနေရာသို့ ပျံ့သည်ကိုလည်း ဆေးပေး၍ကုသသည်။
• ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
• လေဆာဖြင့်ကုသခြင်း - လေဆာဖြင့် ကင်ဆာဆဲလ်ကို အာဟာရပေးနေသည့် သွေးကြောများကိုဖျက်ဆီးခြင်းဖြင့် ကုသသည်။
• အအေးပေးကုသခြင်း
• အပူပေးကုသခြင်း
• ခွဲစိတ်ကုသခြင်း ဖြင့်ကုသနိုင်သည်။
ကာကွယ်ခြင်း
Retinoblastoma ဖြစ်ရသည့် အကြောင်းအရင်းကို တိတိကျကျမသိသေးသည့်အတွက် ကြိုတင်ကာကွယ်သည့်နည်းလမ်းများလည်း တိတိကျကျမရှိသေးပါ။ မျိုးရိုးတွင်ဖြစ်ပွားဖူးသည့် အခြေအနေရှိသည့် မိသားစုများတွင်မူ ကလေး၏မျိုးရိုးဗီဇကို ကြိုတင်စစ်ဆေးထားခြင်းဖြင့် မည်သည့်ကလေးတွင် ဖြစ်ပွားနိုင်ချေများသည်ကို သိရှိနို်င်သည်။
Ref: Mayo clinic
Translated by Dr. PPA
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
